Friday 12 August 2011

ရခိုင့်တော်လှန်ရေးခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ


စာရေးသူ - အောင်ရဲလင်း (စစ်တွေ)
(ရေးသူအာဘော်သာဖြစ်သည်။ စာဖတ်သူအားလုံး ဖတ်ရှု စဉ်းစား သုံးသပ်ဆင်ခြင်နိုင်ရန် တင်ဆက်ပေးခြင်းဖြစ်သည်)

၁၇၈၄ ဒီဇင်ဘာ (၃၁) တွင် ကျဆုံးခဲ့ရသော ရခိုင့်အချုပ်အခြာအာဏာအား ပြန်လည်ရယူရေးအတွက် ရခိုင့် မျိုးချစ်ပုဂ္ဂိုလ်များ အသက်၊ ချွေး၊ ဇွဲများဖြင့် ကြိုးစားလာခဲ့၊ ကြိုးစားနေကြဆဲ ဖြစ်သည်ဆိုသည်ကို အားလုံးအ သိပင်ဖြစ်ပါသည်။

ကျူးကျော်လာသော ဗမာဘုရင် မောင်ဝိုင်းတပ်များအား ပြန်လည်နှင်ထုတ်ရေး၊ နယ်ချဲ့ကိုလိုနီစနစ်ကို ချေ မှုန်းရေး၊ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး ... စသည့် တော်လှန်ရေး နိုင်ငံရေးခရီးများကို ဖြတ်သန်းခဲ့ ကြသည့် အတွေ့အကြုံများတွင်လည်း တခြားတိုင်းရင်းသားများနှင့် ဗမာလူမျိုးချင်း အတိုက်အခံလုပ်နေကြ သော တော်လှန်ရေး နိုင်ငံရေးအဖွဲ့အစည်းများထက်တော့မနည်းပေ။

ဤမျှ မိမိတို့တိုင်းပြည် အချုပ်အခြာအာဏာကို ပြန်လည်ရရှိနိုင်ရေးအတွက် ရာစုနှစ် (၂) ခုကျော်တိုင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြသော်လည်း မည့်သည့်အတွက်ကြောင့် အရာမထင်ခဲ့ကြသနည်းဆိုသည့် မေးခွန်းကို မေးလျှင် စာရေးသူအား သင်မည်မျှတိုက်ပွဲဝင်ပြီးပြီနည်း၊ သင်၏အတွေ့အကြုံက အဘယ်နည်းဟု တုံ့ပြန်မေး ခွန်းထုတ်မည်မှာအသေအချာပင်ဖြစ်သည်။

ထိုမေးခွန်းကို ရခိုင်ပြည်သူလူထုတရပ်လုံးက စိတ်ဝင်တစ်စား သိချင်နေသည်ဟု ရခိုင့်တော်လှန်ရေး မျက် မှောက်ခေါင်းဆောင်များနှင့် ကွန်လွန်လေပြီဖြစ်သော ခေါင်းဆောင်များအား တိုက်ရိုက်မေးမြန်းခွင့် ရချင်ခဲ့ သော်လည်း ပြည်ပနိုင်ငံများတွင်ရပ်တည်နေကြသည့်အတွက်ကြောင့် အခွင့်မသာခဲ့ပေ။

ရခိုင့်တော်လှန်ရေးခေါင်းဆောင်များ အဆက်ဆက်တိုင်းသည် အလွန်ပင်တော်ကြသည်။ 
အလွန်ပင် အမြော် အမြင်များ ရှိခဲ့ ရှိနေကြသည်ပင်ဖြစ်သည်။
ထို့ကြောင့်ထင်သည်၊တိုင်းရင်းသားမဟာမိတ်များကြားတွင်အောက်ကျနောက်ကျဖြစ်လာရသည်။

ဆိုလိုရင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟု ခေါ်ဆိုသမုတ်ကြသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် အခြား ကျောင်းသားခေါင်း ဆောင်များ၊ တိုင်းရင်းသားမဟာမိတ်များ၏ ခေါင်းဆောင်ကြီးများတို့၏ မွေးနေ့ပွဲ၊ ကွယ်လွန်ခြင်း အထိမ်းအ မှတ်ပွဲ အပါအ၀င် အခြား အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များတွင် ရခိုင့်တော်လှန်ရေး နိုင်ငံရေးခေါင်း ဆောင်များက အခမ်းအနားများ ပြုလုပ်ပေးခြင်း၊ ကြေညာစာများ ထုတ်ပေးပြီး ဂုဏ်ပြုပေးခြင်းများ ပြုလုပ်ပေး နေကြသော်လည်း မိမိတို့ ရခိုင်လူမျိုးများ၏ ဆရာတော် ဦးဥတ္တမနေ့၊ ဆရာကြီး ဦးဦးသာထွန်းနေ့၊ ဆန်ပြဿ နာနေ့၊ အချုပ်အခြာအာဏာကျဆုံးသည့်နေ့၊ ဗိုလ်ခိုင်မိုးလင်းနေ့၊ ဗိုလ်ရာဇာနေ့နှင့် အခြားအခြားသော နေ့ထူး နေ့မြတ်များအတွက် မည်သူတဦးတယောက်ကမျှ (တိုင်းရင်းသား၊ မဟာမိတ်များ) ဂုဏ်ပြုပေးခြင်း မရှိခဲ့ကြ ပေ။

ဤသည်ကိုနိုင်ငံရေးဟုခေါ်ဆိုပါသလော။
စာရေးသူမသုံးသပ်တတ်ပေ။

အထက်ဖော်ပြပါ ခံစားချက်သည် စာရေးသူတဦးတည်း ခံစားချက်ဟု တော်လှန်ရေးဖခင်ကြီးများ မမှတ်ယူစေ ချင်ပါ။
ရခိုင်ပြည်ရှိရခိုင်လူမျိုးများနှင့်အခြားသောအဝေးရောက်ရခိုင်လူမျိုးများ၏ခံစားချက်ဖြစ်ကြောင်းအ မုန်းခံကာအသိပေးနေရခြင်းဖြစ်သည်ကိုအထူးသိစေလိုပါသည်။

ရခိုင့်တော်လှန်ရေး မအောင်မြင်ရသေးခြင်း၏ အဓိက အကြောင်းအရင်းများအား တော်လှန်ရေးဖခင်ကြီးများ၊ တော်လှန်ရေးရဲဘော်များနှင့် ခေတ်သစ်တော်လှန်ရေးမျိုးဆက်များက မည်ကဲ့သို့ ဝေဖန်သုံးသပ်ကြသနည်း ဆိုသည်ကို မပြောနိုင်သော်လည်း စာရေးသူ၏ မတောက်တခေါက် သုံးသပ်ချက်ကို တော်လှန်ရေးခေါင်း ဆောင်များနှင့်စာဖတ်သူအားလုံးကိုတင်ပြပါမည်။

(၁)ခိုင်မာတောင့်တင်းသည့်တော်လှန်ရေးဘဏ္ဍာအင်အား
(၂)တော်လှန်ရေးအတွက်သစ္စာရှိရှိရေကုန်ရေခမ်းကြိုးစားပေးမည့်ရဲဘော်များ
(၃) တော်လှန်ရေးကို ထောက်ခံနေမည့် မဆုတ်မလျော့သော ပြည်သူ့အင်အား စသည့်အချက်များ ဟန်ချက် မညီခဲ့သော ကြောင့် တော်လှန်ရေးကြီး မအောင်မြင်ရသေးခြင်းဖြစ်သည်ဟု စာရေးသူ သုံးသပ်လိုသည်။

(၁)ခိုင်မာတောင့်တင်းသည့်တော်လှန်ရေးဘဏ္ဍာအင်အား


ဆိုလိုသည်မှာ တော်လှန်ရေးအဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား ပုံမှန်နှင့် လျင်မြန်စွာ လည်ပတ်ဆောင်ရွက် နိုင်ရေး၊ တော်လှန်ရေးရဲဘော်များ၏ စားဝတ်နေရေး၊ လက်နက်အင်အား၊ လူအင်အား ... စသည့်တို့ တည် ဆောက်နိုင်ရေးအတွက် ခိုင်မာတောင့်တင်းသည့် ဘဏ္ဍာရေးမှာ အမှန်ပင် လိုအပ်သည်။
ရှိနေသော ဘဏ္ဍာ ရေး ခိုင်မြဲနေရမည်။

ထိုဘဏ္ဍာငွေများကို ထိန်းသိမ်းထားသူများက စနစ်တကျ ကိုင်တွယ်သုံးစွဲသင့်သည်။
ဘဏ္ဍာရှာဖွေနေသူများအား မိမိတို့ အသုံးပြုသည့် နေရာများအား လိုအပ်လျှင် တင်ပြရမည်။
ဘဏ္ဍာငွေကို ရှာဖွေရာတွင် ပြည်သူ့မျက်ရည်စာ မဖြစ်ရသလို အသုံးပြုရာတွင်လည်း ပြည်သူ့မျက်ရည်နှင့် ရဲဘော်များမျက်ရည်မကျစေရ။

(၂)တော်လှန်ရေးအတွက်သစ္စာရှိရှိရေကုန်ရေခမ်းကြိုးစားပေးမည့်ရဲဘော်များ

ဆိုလိုသည်မှာ တော်လှန်ရေးနယ်မြေရှိ ရဲဘော်များသည့် မိမိတို့တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုး စားနေသည့် မိခင်အဖွဲ့အစည်းအပေါ် မည့်သည့်အခြေအနေပင် ရောက်သည်ဖြစ်စေ သစ္စာတရားလက်ကိုင် ထား၍ တော်လှန်ရေးအတွက် မဆုတ်မနစ်သော ဇွဲစိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော် များကို ဆိုလိုသည်။
တော်လှန်ရေးနယ်မြေရှိ ရဲဘော်တဦး၏ တန်ဖိုးကို ယင်းနယ်မြေရှိ အခြားရဲဘော်များက 

တန်ဖိုးထားတတ်ရမည်။ 
တဦး၏ အားနည်းချက်ကို နောက်တဦးက ဖြည့်ဆည်းပေးတတ်ရမည်။
ထမင်းသုံး နပ် ငါးမဟင်းနှင့် မစားခဲ့ရလျှင် ဗျစ်တောက်ဗျစ်တောက် မြည်တွန်တတ်သော ရဲဘော်များ ဤခေါင်းစဉ်နှင့် မသက်ဆိုင်ပေ။
သစ္စာရှိသည်ဟုဆိုခြင်းသည် ခေါင်းဆောင်များအား ကပ်ဖားလျက်ဖား ပြုလုပ်တတ်လျက် အ ထက်ကို မြှောက် အောက်ကို ဖိ၊ အောက်အချင်းအချင်း မအူမလည်သယောင် ကုန်းလျှောတတ်သည့် ရဲဘော် များလည်း ဤခေါင်းစဉ်တွင် မပါရှိပေ။
တော်လှန်ရေးရဲဘော်များ သစ္စာရှိရှိနှင့် ရေကုန်ရေခမ်း ကြိုးစားလာစေ ရေးမှာ ထိုတော်လှန်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင်များအပေါ်တွင်တာဝန်အရှိဆုံးဖြစ်သည်။

(၃)တော်လှန်ရေးကိုထောက်ခံနေမည့်မဆုတ်မလျော့သောပြည်သူ့အင်အား 

ဆိုလိုသည်မှာ တော်လှန်ရေးသည် ပြည်သူမှ မွေးဖွားလာခြင်းဖြစ်သည်။
ပြည်သူကို မပုန်ကန်ရ။
ပြည်သူချစ်သောတော်လှန်ရေးအဖွဲ့အစည်းဖြစ်အောင်တည်ဆောက်ရမည်။
မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းနှင့် ရခိုင့် တော်လှန်ရေးအား စိတ်မပျက်ဘဲ မိမိတို့အဖွဲ့အစည်း မည်သည့်နေရာသို့ပင် ရောက်ရောက် အားပေးနေမည် ဟူသော စိတ်ဓာတ်ခံယူချက်မျိုးရှိသည့် ပြည်သူအရေအတွက်အား တိုးနိုင်သမျှ တိုးအောင် ကြိုးစားရမည်။
ပြည်သူမပါသောတော်လှန်ရေးမအောင်မြင်နိုင်ပေ။

အထက်ဖော်ပြပါ အချက်သုံးချက် ပြည့်စုံစွာရှိခဲ့သည်ဟူ၍ ရခိုင့်တော်လှန်ရေးခေတ်အဆက်ဆက်တွင် မတွေ့ ရှိခဲ့ရပေ။
ယင်းအချက်များသည် ဖိုခနောက်ကဲ့သို့ သုံးပွင့်ဆိုင် ဟန်ချက်ညီစွာ ဖြစ်ပေါ်တည်မြဲနေမည်ဆိုပါက တော်လှန်ရေးကြီးမုချအောင်မြင်မည်ဖြစ်သည်။

ယခုတော်လှန်ရေးအဖွဲ့အစည်းများ၌ယင်းကဲ့သို့မတွေ့ရဘဲဤကဲ့သို့တွေ့ရှိနေရပေသည်။

နိုင်ငံရေး တော်လှန်ရေး ထက်သန်နိုးကြားမှု မရှိသေးသော ပြည်သူများအား စည်းရုံးမည်ဆိုခြင်းကို ထားဦး၊ တော်လှန်ရေးနယ်မြေရှိ ရဲဘော်များအား သစ္စာရှိစွာ ရေကုန်ရေခမ်း ကြိုးစားလာစေရေး တော်လှန်ရေးကို ချစ် မြတ်နိုးပြီး အသက်ပင် ပေးလိုစိတ်ရှိလာအောင် ပြုစုထိန်းသိမ်း သွန်သင်ပေးမည်ကို ထားဦး၊ တော်လှန်ရေးအ တွက် လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေထိန်းသိမ်းပေးရမည့်ဆိုသည့် အချက်များကို တချက်ပင်မျှ ဟန် ချက်ညီအောင်မပြုလုပ်နိုင်ကြသေးပေ။

ရဲဘော်များ၏ အကျင့်စာရိတ္တ ကောင်းမွန်လာစေရေး သွန်သင်နေပြီး မိမိတို့ကိုယ်၌က ကွယ်ရာတွင် အကျင့် စာရိတ္တပါ၊ အကျင့် ကြက်ရိတ္တပါ ဖောက်ပြန်နေကြသည်။ 
ရှေ့တမျိုး နောက်တမျိုး ဖောက်ပြန်နေကြသည်။ တော်လှန်ရေးခေါင်းဆောင်များ၏ ဖောက်ပြန်မှုများကို ဤစာတွင်ထည့်ရေးပါက ရှက်ဖွယ်လိလိပင် ရှိပေတော့ မည်ဖြစ်ရာမရေးချင်တော့ပေ။

ခေါင်းဆောင်နှင့် ရဲဘော်ကြား အာဏာယစ်မူးသူများက တမှောင့်။
ထိုသူများကြောင့် ရဲဘော်များသည် တော် လှန်ရေးအတွက် ရေကုန်ရေခမ်း ကြိုးစားလိုစိတ်ရှိမလာဘဲ စိတ်ဓာတ်အားအင် ကုန်ခမ်းလာတော့သည်။ 

တော်လှန်ရေးပညာများအား သင်ကြားတတ်မြောက်ခွင့် ရခဲ့ပါလျက်နှင့် တော်လှန်ခွင့် မရရှိခဲ့ကြသော ရဲဘော် များက ရေတွက်မရလောက်အောင် ရှိနေပေပြီ။
သြော် ... ခေါင်းဆောင်ကောင်းများကြောင့်လော။
မည်သူ့အတွက်ကြောင့်ပင်ဤကဲ့သို့ရင်နာစရာအဖြစ်အပျက်များရှိခဲ့လေသနည်း။

အဆိုပါ အဖြစ်အပျက်များကို ခေါင်းဆောင်ကြီးများ မတွေ့မမြင်ခဲ့ကြသလော၊ မကြားသိလေခြင်းလော၊ လျစ် လျူရှုထားခြင်းလော၊စာရေးသူအပါအ၀င်ရခိုင်ပြည်သူများမဝေခွဲတတ်တော့ပေ။

လိုချင်မှုဆန္ဒနှင့် လိုအပ်မှုကို အမှန်တကယ် ဘက်မလိုက်ဘဲ မိမိတို့ကိုယ်ကိုယ်မိမိတို့ မလိမ်ညာဘဲ ဆုံးဖြတ် သင့်ပြီ။
ဝေဖန်သင့်ပြီ။ အာဏာရှင်စနစ်ကို မလိုလား ဆန့်ကျင်မည်ဟုဆိုကာ မိမိတို့ကိုယ်၌က အာဏာရှင်အ ဖြစ် မကြာမီ အသွင်ပြောင်းလဲသွားမှုကို ပြည်သူတို့ တွေ့မြင်ရတော့မည်ဆိုသည်ကို သိရက်နှင့် ဂရုမစိုက် ပစ် ပယ်ခြင်းလော...။

တော်လှန်ရေးရဲဘော်များ တော်လှန်ရေးကို စွန့်ခွာသွားခြင်းမှာ သစ္စာမရှိ၍ စွန့်ပစ်သွားခြင်းမဟုတ်ဘဲ ခေါင်း ဆောင်ကြီးများအား သစ္စာရှိလွန်း၍ စွန့်ခွာခဲ့ရခြင်းဖြစ်သည်။
တန်ဖိုးရှိသောအရာတခုအကောင်းပကတိဖြစ်နေပါလျက်နှင့်စွန့်ပစ်ထားခြင်းတို့သည် တန်ဖိုးမထားတတ်ရာရောက်သည်ဆိုသည်ကိုအမှန်ပင်မသိလေကြသလော။

ဤမျှဆိုပါကနားလည်ကြမည်ထင်ပါသည်။

စဉ်းစားသင့်ပြီ၊ ဆုံးဖြတ်သင့်ပြီ၊ နှစ်ပေါင်း (၂၂၆) နှစ်တိုင်တိုင် တော်လှန်ရေးအား တိုက်ပွဲဝင်ခဲ့ကြပြီ။
ယခု လည်း တိုက်နေဆဲ နောင်လည်း တိုက်နေကြရဦးမည်လော။
ဤမျှထိ ကျွန်သစ္စာတရား စောင့်သိနေစရာ လို မည်မထင်။
လက်ဆင့်အမွေဆက်ခံခဲ့ပြီးလက်ဆင့်အမွေကမ်းနိုင်သည်အထိတာဝန်ကျေပွန်စွာတော်လှန် တိုက်ပွဲဝင်နေကြဦးမည်လော။

ရွှေသမင်ဘယ်ကထွက်၊မင်းကြီးတာကထွက်ဆိုသကဲ့သို့ပင်ဖြစ်နေပြီထင်သည်။

တော်လှန်ရေးရဲဘော်များနှင့် ပြည်သူတရပ်လုံးသည် သြဇာမရှိဘဲ အာဏာရှိသူ၊ အာဏာပြသူတို့ထက် အာ ဏာမရှိဘဲ သြဇာဖြင့် အုပ်ချူပ်မှုကို လိုလားကြသည်။
တောင့်တကြသည်။မြတ်နိုးကြသည်။

အမှန်တရားကို ရှာဖွေနေသူများ ဖြစ်ပါလျက်နှင့် မည့်သည့်အတွက်ကြောင့် အမှန်တရားကို လက်မခံကြရသ နည်း။အမှန်တကယ်ပင်အံ့သြသြချမိသည်။

ခေါင်းဆောင်ကြီးများအားတခုပြောကြားလိုပါသည်။

“ခေါင်းဆောင်ကြီးများ၏ အိပ်မက် (တော်လှန်ရေးပန်းတိုင်) ကို ဖျက်ဆီးနေကြသူများသည် နအဖတပ်မတော် တခုတည်းသာ ရှိသည်မဟုတ်ဘဲ သြဇာမရှိဘဲ အာဏာမှအာဏာဖြစ်နေသော အာဏာရူး၊ တော်လှန်ရေးအ ရေခြုံပြီး ခေါင်းဆောင်ကြီးများကို အနီးကပ် ဒုက္ခပေးနေကြသည့် ရဲဘော်များ မုန်း၊ ပြည်သူမုန်းသည့် တော် လှန်ရေးအာဏာရှင်များဖြစ်သည်။
ယင်းဒုက္ခပေးသူများအားခေါင်းဆောင်ကြီးများအထူးသတိပြုစေချင်သည်။”

ခေါင်းဆောင်ကြီးများ အမှန်တကယ်လိုချင်ကြသော (အတိတ်က ချမှတ်ခဲ့ဖူးသော တော်လှန်ရေး ပန်းတိုင် အား ရွက်လွှင့်ရာလမ်းတလျှောက် ကြုံရသမျှကို အိပ်မက်တခုကဲ့သို့ သဘောထားနေရုံနှင့် မပြီးဘဲ အိပ်မက် မဟုတ် အမှန်ပင်ဖြစ်နေပါလား ဆိုသည့်အတွေးနှင့်အတူ ဆုံးဖြတချက်သစ်များကို ပြည်သူများ မျှော်လင့်ကြ သလို ရဲဘော်ကြီး ရဲဘော်ဟောင်းများနှင့်တကွ စာရေးသူပါ မျှော်လင့်နေကြသည်။
ခေါင်းဆောင်ကြီးများဆုံးဖြတ်သင့်ပါပြီ။

ရခိုင်ပြည်သူတရပ်လုံး အားကိုးကြီးစွာ မျှော်လင့်နေသောအရာမှာ ခေါင်းဆောင်ကြီးများ၏ လက်ထဲရှိ ရေပင် ဖြစ်သည်။
ခေါင်းဆောင်ကြီးများ စိတ်ကြိုက်ပြုလုပ်နိုင်သည်။
စိတ်ကြိုက်ကစားနိုင်သည်။
ပြည်သူကို ငဲ့ညှာပါ။
ရဲဘော်များကိုငဲ့ညှာပေးပါ။

အောင်ရဲလင်း (စစ်တွေ)